Friday, July 23, 2010

မြည့်မြည့်နွမ်းနွမ်း

မြည့်နွမ်း
ငါ့မြည့်မြည့်နွမ်းနွမ်း
တစ်ညနေလုံး ငါဟာကြည့်မြင်တိုင်ကမ်းနားလမ်းပေါ်ငေးနေတယ်
တော်တော်ကြာကြာ မှောင်တော့
ကလေးနဲ့ခွေးတွေအမှိုက်ပုံဆီ အုပ်အော်သောင်းနင်းရောက်လာကြတယ်။
ငပေတူးလေးတွေ
စစ်အောင်တဲ့စစ်သူကြီးလို အမှိုက်ပုံကိုခွစီးလိုက်ကြတယ်။
ရီဆိုက်ကယ် ဈေးကွက်နဲ့အံဝင်မယ့်အမျိုးအစားတွေအမှိုက်ပုံမှာရှာကြတယ်။
အငယ်ဆုံကလေးက ပို့စကတ်လှလှလေးတစ်ခုရတယ်
ပို့စကတ်ထဲက ရှုခင်းစိမ်းစိမ်းတမျှော်တခေါ်ကြီးကို
ဒီကောင်အကြာကြီးစိုက်ငေးနေသေးတယ်

ဒီတစ်ညနေလုံးသူရတဲ့အရာတွေထဲမှာဒါဟာတန်ဖိုးအရှိဆုံးပဲ
ဒီလိုသူစိတ်ကြီးဝင်သွားသလားမသိဘူး
အဲဒီရှုမျှော်ခင်းစိမ်းစိမ်းကို
ဘယ်သူမှမသိအောင်အိပ်ကပ်ထဲထည့်
ခုန်ပေါက်ပျော်မြူးပြီးပြန်သွားတယ်
လာခဲ့တဲ့လမ်းအတိုင်း။ ။

ဝီရထက်နောင်
ရီဆိုက်ကယ်းrecycle

ကုတင်နံပါတ်(25)

ပန်ကာ.....မျက်နှာကျက်မှာ
ပန်ကာလည်နေတယ်
လည်နေရင်း လည်နေရင်းနဲ့ တစ်ဆစ်တစ်ရွက်ပြုတ်ထွက်သွား
ကဲ...မင်းဆက်လည်နေလို့မဖြစ်နိုင်တော့ဘူး ပန်ကာကို
ဘာမပြောညာမပြော ရပ်တန့်လိုက်ကြ
သြော်....ပန်ကာ...ပန်ကာခုမှပဲ
ဟင်...လည်ခြင်းတွေရပ်၊ရပ်ခြင်းတွေဆက်လက်ထပ်မံလည်ပတ်
သူ့အီနားရှားက အတောမသတ်မွှတ်နေအောင်ဆန့်ထွက်
ဟေ့ဘာအဓိပ္ပါယ်တွေလဲ
ဘာ..အ ဓိ ပ် ပါ ယ်ေ တွ လဲ
အဓိပ်ပါယ်တွေဟာ တပြန့်တပြော ခက်လက်ညို့မှိုင်းနေ
ငါလမ်းကြောင်းတွေများနေပြီ
ဟာ ငါပိတ်မိနေပြီ
ဆက်လက်ဆက်လက်ခက်လက်ညို့မှိုင်းဖို့
ခုလောလောဆယ်
အဓိပါယ်တစ်ခုခုငါ့ကိုအွန်ပေး
ဘီဝမ်း ဘီဆစ် ဘီတွဲ ငါ့ကိုအွန်ပေး
ကဗျာကို လေးဘက်လေးတန်ဖွင့်ပြီး ငါ့ကိုအခုအွန်ပေး။ ။


ဝီရထက်နောင်

နယ်ဝေး

တစ်ဖက်နဲ့တစ်ဖက်
....ပြတ်............
ရွေ့.....သွားကြသလိုမျိုး
“ခေါ်ဆိုလို့မရနိုင်ပါ”
ခေါ်ဆိုလို့မရနိုင်ပါ........ညီမလေး နှင်းဝေလွင်။

အခု
အရိပ်တွေဟာ အရပ်ထက်ရှည်ချင်လည်းရှည်နေမယ်
လူ့အဖွဲ့အစည်းအတွက်
ကဗျာဆရာကိုယ်တိုင်
အဆိပ်အတောက်ဖြစ်ချင်လည်းဖြစ်နေနိုင်တဲ့နေ့တွေပဲ။
တစ်ယောက်ကိုတစ်ယောက်က
ဖိုင်ဆိုဇ် အကျယ်ကြီးထဲမှာ
တခမ်းတနားသိမ်းဆည်းထားဖို့ရာ
မလွယ်ကူနိုင်လွန်းတဲ့နေရောင်ခြည်အောက်
သတိတရရှိလှခြင်းဆိုတာလည်း
ကြိတ်စက်ထဲကထွက်လာတဲ့ကြံဖတ်တွေလို
နီကျင့်ဖေါ့သွပ်လို့နေတယ်။

အခု
ဝေးပျလေးလံခြင်းကို
ခြေထောက်တွေက ကြေကြေကွဲကွဲ ထောက်ကန်ထားကြလျက်နဲ့
နာရီနှိုးစက်မှာ
စီးနင်းထားတဲ့ ဖိနပ်သည်းကြိုးမှာ
ဆံပင်မှာ လက်မှာ
လူမှုဆက်ဆံရေးနယ်ပယ်မှာ
လူကူးမျဉ်းကျား လတ်တလောပေါ်မှာ
အဲဒီကျပ်ခဲပိတ်ဆို့မှုဟာ
ဒီအတိုင်းပုံမပျက် ပျံ့နှံ့စီးဆင်းနေရရှာတယ်။

“ရှင်ပဲချစ်ကြောင်းကြိုက်ကြောင်းဒီကဗျာကို တဖွဲ့တနွဲ့ရေးပေးခဲ့တာပဲလေ”လို့
မင့်ပါးကသွေးကြောမျှင်စိမ်းကလေးတွေကို
မင့်မျက်ရည်နဲ့ ထပ်ကာထပ်ကာလောင်းမစိုက်ချင်ပါနဲ့တော့ ညီမလေး.....
အခု ကဗျာဆရာကိုရုပ်ဝထ္ထုဆန်မှုတွေက
ခေါ်ယူတင်ဆောင်သွားကြပြီဆိုတဲ့အကြောင်း
မင်းဆီ သွေးထွက်သံယို ခေါ်ဆိုတော့ဖို့ဟာ
“ခေါ်ဆိုလို့မရနိုင်ပါ”
“ခေါ်ဆိုလို့မရနိုင်ပါ”တဲ့
ခေါ်ဆိုလို့မရနိုင်ပါ ညီမလေး......နှင်းဝေလွင်........။ ။


ဝီရထက်နောင်

ဓါတ်လိုက်နေတဲ့ရေ

ကြည်လင်မှုမရှိ ထုထည်ပုံဆောင်မှုအရိအရွဲ အိပ်ရာကအထ လိင်စိတ်ဟာတစ်နာရီကျော်ကျော်ကြာအောင်
အဓိပ္ပါယ်ကတစ်ခုခုကိုမှမဦးတည်ဘဲ ပြတ်ရွေ့ပြီး
အချိန်အခါမဟုတ်မိုးရွာတော့လူတွေရွှဲရွှဲဆိုပေါ့ဟန်ထူးလွင်ရေ ရေဆိုတာကြည်လင်ဖို့တော့လိုတာပေါ့အခု
အထပ်တိုက်ပေါ်က နာကျင်မှုပန်းအိုးခေါင်းပေါ်ပြုတ်ကျလာမှာစိုး စိုးကြောက်မိတယ်
အရိပ်ကအပိုင်းပိုင်းပြတ် ထပ်ပြီး အာရုံကြောကအခုကဗျာရေးနေတဲ့အချိန်မှာတောင်တစ်မျှင်ချင်းပျံ့လွင့်
ကျော့ကျော့လင်းကိုငါမိုက်မိုက်ရိုင်းရိုင်းချစ်နေမိတာ ကားတွေကဥဒဟို ဟူးဟူးတိုက် ကျွန်တော်ကြောက်တယ် ကိုအောင်ရင်ငြိမ်း အား........................................................................................................
ကျွန်တော်နဲ့ဂစ်တာလေး အဝေးကြီးကိုလွင့်စင်ထွက်သွား
ညကဒီကောင်သေ ရင်တစ်ခြမ်းလုံးပွင့်ထွက်သွား
အစိတ်စိတ်အမွှာမွှာငါတို့ကွဲခြမ်းငိုကြွေးကြဒီမှာ
မေမေကသေတော့မှာမေမေကသေတော့မှာဒါကြောင့်ကျွန်တော်ဟာမေတ္တာတရားရဲ့အရိအရွဲလို့ပြောတာ
မေမေနေကောင်းလားမေမေငါတို့ပါးချင်းအပ်ရင်းသီချင်းဆိုငိုကြွေး
လေဖြတ်ခါမှဖြတ်ရောတံတားရဲ့အောက်အခင်းကြမ်းပြင်ကအေးစက်ချိုမြိန်
ဒီမှာကြွက်တွေအရမ်းသောင်းကျန်းတယ်ဥဒဟိုကားတွေလို ဂစ်တာအကွဲကိုဖက်ပြီးငို
ဟိုကောင်က ငါရေးတဲ့သီချင်းကိုရလွယ်ဆိုလွယ် ကြေကွဲလွယ်ဘယ်မြောင်းကြိုမြောင်းကြားကလမ်းမပေါ်စီးထွက်လာတဲ့
ရေစီးကြောင်းကိုစမ်းချောင်းအတုလို့ဝီရကပြောတာလဲကိုဟိုကောင်ကထပ်ငို
ငါ့လက်တွေကကဗျာရဲ့နောက်မှာဂစ်တာကိုဖက်လို့နေ့လည်ခင်းကဗျာရွတ်ပွဲကြီးထဲအဖျားတက်သလို နာကျင်ခံစားတုန်ရီမောဟိုက်စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေကခင်ဗျားနဲ့တွေ့တော့မှပဲကဗျာဖြစ်သွားသီချင်းဖြစ်သွား
အရေးထဲအရာပေါ်
အစာအိမ်ကပါးလျတိုက်စားခံ
ရန်ကုန်မှာဘဝသစ်စဖို့တက်လာတာဘဝဟောင်းထက်ဆိုးရွားနေတဲ့အကြောင်းအရာအက်ကြောင်းအက်ရာ။ ။


ဝီရထက်နောင်

သတင်းအချက်အလက်နည်းပညာသမား သူငယ်ချင်းမလေး ဝင့်ဖြူကို ကျန်နေတဲ့ ပြောစရာစကားတွေ

နင့်ကို ပြောစရာစကားတွေ ရှိမရှိ ငါစဉ်းစားနေတယ် ဝင့်ဖြူ
နင်နဲ့တစ်နည်နည်း ဆက်ဆံပြောဆိုတဲ့အခါ ငါဟာ အေးခဲကြေမွလွင့်စင်သွားမှာမျိုး။
အထပ်ထပ် အခါခါ နူးညံ့သိမ်မွေ့စွာကြောက်လန့်အတ္တကြီးနေတာတစ်ခုခုနဲ့
ခု စစ်ပွဲတစ်ပွဲ ကုန်ကျစရိတ်ကိုစိုးမင်းအောင်ကဗျာနဲ့အတူ တွက်ချက်နှမျောတသနေတာမျိုး။
အရိပ်က သံသယကြီးစွာ နှစ်ထပ်သုံးထပ် လေးငါးထပ်ဖြစ်နေတာမျိုး။
နင်တို့သတင်းအချက်အလက်သမားတွေကိုသွယ်ဝိုက်သောနည်းအားဖြင့်မုန်းနေတာမျိုး။
နင်တို့စိတ်ပြေလက်ပျောက်ရှိတဲ့အခါသီချင်းနားထောင်ကြတယ် ကဗျာဖတ်ကြလိမ့်မယ်
ငါတို့ကဗျာဆရာတွေဆိုတာ
အစားအသောက် တစ်ခုခုကိုကြော်လှော်တဲ့အခါ ဒယ်အိုးထဲ လောင်နေတဲ့မီးပဲ
အဲဒီမီးရဲ့သင်းသင်းပျံ့ပျံ့နဲ့နင်တို့ မကျက်တကျက် အစိမ်းလိုက် နူးအိသင်းပျံ့စွာစားသုံးကြ။
နင်တို့အတွက်ကတော့ လူပေါ်လူဇော် ကျွမ်းကျင်လိမ္မာစွာတစ်ဖက်ဖက်မှာသိမှုနယ်ပယ်ကျယ်ပြန့်တာ
ရေခဲကျောက်ဆောင်တစ်ခုခုထဲ အေးခဲမာကျောစွာတိုးဝင်သိရှိလောင်မြိုက်ပျော်ရွှင်တာမျိုး။
အနက်ရာင်လက်စည်းကလေးနဲ့ အဗရေးလာ့ဗင့်စတိုင်မျိုးနဲ့နင်ဟာ ကဗျာဖြူဖြူဆိုတဲ့ကဗျာဆရာမတစ်ယောက်မဟုတ်တော့တာ
အနုမြူရောင်စက်ဘီးနဲ့ နင်ဟာ မြို့ကလေးရဲ့တောင်နဲ့မြောက်လမ်းသလားနေတဲ့အပျိုဖေါ်ဝင်ဖွယ် မိန်းမသားတစ်ယောက်မဟုတ်တော့တာ
ကဗျာဆရာဆိုတာကတော့ လွမ်းတတ်ခြင်းသွေဖီခြင်း.......အစအစသော...အစအစတွေနဲ့တင်းနှင်ကျပ်တည်းနူးညံ့ ပြတ်တောက်နေကြသူတွေ အဲဒီလို။
အထင်ကြီးခံရမှု ရုပ်ဝတ္ထုနဲ့ အောင်မြင်မှုရှိရာဆီတစ်ရပ်ရပ် နင်တို့သွားရာလမ်းကျယ်ကြီးထဲဟိုညကငါကားတိုက်ခံရတယ်
ငါနဲ့ငါ့အနုပညာ
ငါ့သိမ်မွေ့မှု အေားမြကြည်လင်သောဓမ္မတရားကိုငါ့ရဲ့ငတ်မွတ်ဆာလောင်မှု အရာအားလုံးဟာ
အစိတ်စိတ်အပိုင်းပိုင်း တစ်ခုစီ သနားစဖွယ်နာကျင်စရာအလို့ငှာ
အဝေးကိုလွင့်ထွက် သေဆုံးငိုကြွေးရ
ငါ့အလောင်းကို ဥပက္ခာပြုခြင်းနဲ့နင်တို့သဂြိုလ်ကြ
တစ်ဦးကိုတစ်ဦး အကြောင်းကြားစာ တအံ့တသြလေသံတွေနဲ့နင်တို့သဂြိုလ်ကြ
မေတ္တာတရားကို နှုတ်ဆက်စကားထဲ တစ်ပြိုင်တည်းထည့်သွင်းခေါ်ဆို Enterရိုက်ချလိုက်တဲ့အခါ
နင်တို့နားမလည်ကြ တစ်မျိုးထင်ကြ တစ်လွဲထင်ကြ နင်တို့ရဲ့အေးခဲမှုနဲ့ငါ့ကိုသဂြိုလ်ကြ
“နင့် အကောင့်ကိုတစ်ယောက်ယောက်ကဟက်တယ်လို့ထငိရအောင် နင်ကဘယ်လောက်ချမ်းသာတဲ့ဘဏ်သူဌေးမို့လို့လဲ ငါပြောတာရှင်းတယ်နော်”ဆိုတဲ့လက်နက်နဲ့ စကားလုံးနဲ့
နင်တို့ရေခဲတုံးတွေနဲ့ငါ့သွေးလွှတ်ခန်းကို ပစ်ပေါက်အက်ကွဲစေကြ။
အဲဒီမှာ အဲဒီမှာ ဝင့်ဖြူ
သံယောဇဉ်ကိုတပ်ပြီးတီးနေတဲ့ ငါ့ဂစ်တာကိုလည်း
နင်တို့မူးမူးရူးရူးကြမ်းကြမ်းတမ်း နင်နဲ့နင်တို့တီးခတ်ဖြတ်တောက်ပစ်လိုက်ကြ
ခုက သတင်းတစ်ခုရဲ့ခေါင်းစဉ်ပဲ
“မုန့်ဝယ်ကျွေးမယ်ဆိုပြီး ညာခေါ်တာကိုယုံမိတဲ့ ၁၄ နှစ်သမီးလေး ရေတိမ်နစ်ရခြင်း”
နင်တို့လူ့အဖွဲ့အစည်းနဲ့ အရည်ပျော်နေထိုင်ရတဲ့ ငါရှင်သန်ခြင်းကိုငါ အဲဒီလိုခေါင်းစဉ်တပ်လိုက်တယ်။ ။


ဝီရထက်နောင်